၁-ဘုရားဖြစ်တော်မူခြင်း


ဝိနည်းပိဋက၊ မဟာဝဂ္ဂပါဠိ၊
၁-မဟာခန္ဓက
နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။
*****
၁-ဘုရားဖြစ်တော်မူခြင်း
*****

၁။ (ရဟန်းတို့အား သရဏဂုံ သုံးပါးဖြင့် ရှင်ရဟန်းအဖြစ်ကို ခွင့်ပြုတော်မမူသေးရာ) ထိုအခါ၌ အလုံးစုံကို သိတော်မူသော မြတ်စွာဘုရားသည် ဥရုဝေလတော နေရဉ္ဇရာမြစ်ကမ်းနား ဗောဓိပင်ရင်း၌ သစ္စာလေးပါးကို သိတော်မူပြီးသည်ဖြစ်၍ ရှေးဦးစွာ သီတင်းသုံးနေတော်မူ၏။
(သီတင်းသုံးနေတော်မူရာ) ထိုအခါ၌ မြတ်စွာဘုရားသည် ဗောဓိပင်ရင်း၌ ခုနစ်ရက်ပတ်လုံး တစ်ထိုင်တည်းတင်ပျဉ်ခွေကာ  အရဟတ္တဖိုလ် ဖလသမာပတ်ချမ်းသာကို ခံစားလျက် ထိုင်တော်မူပြီ။
ထိုအခါ မြတ်စွာဘုရားသည် ညဉ့်ဦးယံပတ်လုံး ပဋိစ္စသမုပ္ပါဒ်ကို အနုလုံ ပဋိလုံ 'အဖြစ်အပျက်' အားဖြင့် နှလုံးသွင်းတော်မူ၏။
***
ထို့နောက် မြတ်စွာဘုရားသည် ဤအကြောင်းကို သိတော်မူ၍ ထိုအချိန်အခါ၌ ဤဥဒါန်းကို ကျူးရင့်တော်မူ၏-

‘‘ယဒါ ဟဝေ ပါတုဘဝန္တိ ဓမ္မာ၊
အာတာပိနော ဈာယတော ဗြာဟ္မဏဿ၊
အထဿ ကင်္ခါ ဝပယန္တိ သဗ္ဗာ၊
ယတော ပဇာနာတိ သဟေတုဓမ္မံ=

''ကိလေသာကို ပူပန်စေတတ်သော လုံ့လရှိသော၊ မကောင်းမှုကို ရှို့မြှိုက်တတ်သော၊ မကောင်းမှုကို အပပြုပြီးသော ရဟန္တာအား ဗောဓိပက္ခိယတရား သုံးဆယ့်ခုနစ်ပါးတို့သည် အကြင်အခါ၌ စင်စစ် ထင်ရှားဖြစ်ပေါ်ကုန်၏။ ထိုအခါ၌ အကြောင်းနှင့် တကွဖြစ်သော ပဋိစ္စသမုပ္ပါဒ်တရားကို အပြားအားဖြင့် သိသောကြောင့် ထိုရဟန္တာအား ယုံမှားခြင်းအားလုံးတို့သည် ကင်းပျောက်ကုန်၏''ဟု (ဥဒါန်းကျူးရင့်တော်မူ၏)။

၂။ ထို့နောက် မြတ်စွာဘုရားသည် သန်းခေါင်ယံပတ်လုံး ပဋိစ္စသမုပ္ပါဒ်ကို အနုလုံ ပဋိလုံ 'အဖြစ် အပျက်' အားဖြင့် နှလုံးသွင်းတော်မူ၏-

ထို့နောက် မြတ်စွာဘုရားသည် ဤအကြောင်းကို သိတော်မူ၍ ထိုအချိန်အခါ၌ ဤဥဒါန်းကို ကျူးရင့်တော်မူ၏-

‘‘ယဒါ ဟဝေ ပါတုဘဝန္တိ ဓမ္မာ၊
အာတာပိနော ဈာယတော ဗြာဟ္မဏဿ၊
အထဿ ကင်္ခါ ဝပယန္တိ သဗ္ဗာ၊
ယတော ခယံ ပစ္စယာနံ အဝေဒိ။

''ကိလေသာကို ပူပန်စေတတ်သော လုံ့လရှိသော၊ မကောင်းမှုကို ရှို့မြှိုက်တတ်သော၊ မကောင်းမှုကို အပပြုပြီးသော ရဟန္တာအား ဗောဓိပက္ခိယတရား သုံးဆယ့် ခုနစ်ပါးတို့သည် အကြင်အခါ၌ စင်စစ် ထင်ရှားဖြစ်ပေါ်ကုန်၏။ ထိုအခါ၌ (အဝိဇ္ဇာ စသော) အကြောင်းတရားတို့၏ကုန်ရာ နိဗ္ဗာန်ကို သိသောကြောင့် ထိုရဟန္တာအား ယုံမှားခြင်းအားလုံးတို့သည် ကင်းပျောက်ကုန်၏''ဟု (ဥဒါန်းကျူးရင့်တော်မူ၏)။

၃။ ထို့နောက် မြတ်စွာဘုရားသည် မိုးသောက်ယံပတ်လုံး ပဋိစ္စသမုပ္ပါဒ်ကို အနုလုံ ပဋိလုံ 'အဖြစ် အပျက်' အားဖြင့် နှလုံးသွင်းတော်မူ၏-

ထို့နောက် မြတ်စွာဘုရားသည်  ဤအကြောင်းကို သိတော်မူ၍ ထိုအချိန်အခါ၌ ဤဥဒါန်းကို ကျူးရင့် တော်မူ၏-

ယဒါ ဟဝေ ပါတုဘဝန္တိ ဓမ္မာ၊
အာတာပိနော ဈာယတော ဗြာဟ္မဏဿ၊
ဝိဓူပယံ တိဋ္ဌတိ မာရသေနံ၊
သူရိယောဝ ဩဘာသယမန္တလိက္ခံ။
*****

''ကိလေသာကို ပူပန်စေတတ်သော လုံ့လရှိသော၊ မကောင်းမှုကို ရှို့မြှိုက်တတ်သော၊ မကောင်းမှုကို အပပြုပြီးသော ရဟန္တာအား ဗောဓိပက္ခိယတရား သုံးဆယ့် ခုနစ်ပါးတို့သည် အကြင်အခါ၌ စင်စစ် ထင်ရှားဖြစ်ကုန်၏။ ထိုအခါ၌ ကောင်းကင်ကို တောက်ပစေသော နေမင်းသည် (အမိုက်တိုက်ကို ဖျက်ဆီးလျက်) တည်နေသကဲ့သို့ (ထိုရဟန္တာသည်) မာရ်စစ်သည်ကို ဖျက်ဆီးလျက် တည်နေ၏''ဟု (ဥဒါန်းကျူးရင့် တော်မူ၏)။

ဘုရားဖြစ်တော်မူခြင်း ပြီး၏။
(ဝိ၊၃၊၁-၂။)
##########


Comments

Popular posts from this blog

၁။ ဗောဓိကထာ

ဝိနည်းပဝါဝါပါဠိတော်လာ ခန္ဓက ၁၀ ပါး